ကချင်ပြည်နယ်ရှိ ကချင်ပညာရပ်စုံတက္ကသိုလ် (KSCU) ၏ တတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်တွင် လိုင်ဇာမြို့ တြင် ကျင်းပခဲ့ပြီး၊ ၂၀၅ ဦး သည် သက်ဆိုင်ရာပညာရပ်များအလိုက် ဘွဲ့များရရှိခဲ့ကြောင်း သိရသည်။
KSCU သည် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းဖွဲ့စည်းထားသော တက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ ၃၀ ရက် တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ CDM ဆရာ၊ ဆရာမများက ဦးဆောင်သင်ကြားနေသည့် တက္ကသိုလ်ဖြစ်ပြီး၊ ယခုအခန်းအနားအပြီး ဘွဲ့ရရှိသူ စုစုပေါင်း ၅၀၀ နီးပါး ရှိလာပြီဖြစ်သည်။
ဘွဲ့နှင်းသဘင်အခမ်းအနား
KSCU ၏ အဓိပတိ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဘွဲ့ချီးမြှင့်ပေးခဲ့သည်။ ထို့အပြင်၊ "မကြည်သောရေကို ကြည်အောင်လုပ်မည်၊ မနုသောမြက်ကို နုအောင်လုပ်မည်" ဟု ဆိုကာ KSCU ကို လူ့ဘောင်တိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုကို ဦးတည်၍ တည်ထောင်ခဲ့သည် ဟု ပြောကြားခဲ့သည်။
KSCU ၏ ပညာရေးအစီအစဉ်များတွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် မှ ဖွင့်လှစ်သော သင်တန်းများနှင့် အွန်လိုင်းပညာရေးအစီအစဉ်များ ပါဝင်ပြီး၊ ဒီသင်တန်းများမှ နောက်ဆုံးနှစ်စာမေးပွဲအောင်မြင်သူများသည် ယခုဘွဲ့နှင်းသဘင်တွင် ဘွဲ့ရရှိခဲ့ကြသည်။
KSCU သည် တက္ကသိုလ်တစ်ခုသာမက ကချင်ပြည်နယ်တွင် ပညာရေးတိုးတက်မှုအတွက် အရေးကြီးသော နေရာတစ်ခုဖြစ်လာ ပြီဖြစ်ကြောင်း စစ်ရေး၊ ပညာရေး လေ့လာသူများက သုံးသပ်ကြသည်။


