မြန်မာနယ်စပ်ဒေသများကို မသွားကြဖို့ မယ်ဟောင်ဆောင်ခရိုင်မှူး သတိပေး
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တွင် တိုက်ပွဲတွေ မပြုတ်မချိုး ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများ မသွားမလာကြဖို့နဲ့ သတိထားနေထိုင်ကြဖို့ မယ်ဟောင်ဆောင်ခရိုင်မှူး Yutthana Jaoduri က အသိပေးလိုက်သည်။
ထိုသတိပေးချက်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဂေါ်ဖီစိုက်ခင်းတစ်ခုထဲကို မြန်မာဘက်မှ ပစ်ခတ်သည့် ၁၂၀ မီလီမီတာ မော်တာကျည်တစ်လုံး ကျရောက်ခဲ့သည်ကို မတ်လ ၁၁ ရက်နေ့တွင် ဒေသခံများတွေ့ရှိပြီးနောက် ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုင်းသတင်းမီဒီယာ Khaosod English အရ မော်တာကျည်ကျရောက်မှုသည် မြန်မာနိုင်ငံဘက်တွင် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ဆက်စပ်နေနိုင်သည်ဟု ခန့်မှန်းရသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံ Ban Huay Makua Som နှင့် Ban Na Pa Paek ရွာများထိတွင်ပင် ပစ်ခတ်သံများ ကြားနေရသည်။
စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့တိုင်းနီးပါး ဆောင်ရွက်နေလျှက်ရှိပြီး မြေပြင်ကနေတဆင့်လည်း စစ်ဆင်ရေးများ ဆောင်ရွက်နေသည်။ ထို့ကြောင့် နယ်စပ်ဒေသရှိ ပြည်သူများ စိုးရိမ်ကြောက်လန့်မှုဖြင့် မတော်တဆမှုများ မဖြစ်စေရန် နယ်စပ်ဒေသများသို့ မသွားကြရန် မယ်ဟောင်ဆောင်ခရိုင်မှူးက သတိပေးထားသည်။


