စစ်ခေါင်းဆောင် ဘီလာရုဇ်ကို ဘယ်နေ့ရောက်မလဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘီလာရုဇ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို မနက်ဖြန် မတ်၇ ရက်မှာ သွားရောက်မယ်လို့ ဘီလာရုဇ်က သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံမှုအပြီး ၂ လနီးပါးအကြာ စစ်ခေါင်းဆောင်ရဲ့ ဘီလာရုဇ်နိုင်ငံခရီးစဥ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ ဘီလာရုဇ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံချိန်တုန်းကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအောက်မှာ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းမြှင့်တင်မှု အပါအဝင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေးကဏ္ဍတွေမှာပါ ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဘီလာရုဇ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်သလို၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ရှုတ်ချဖို့ ကုလသမဂ္ဂမဲပေးမှု အဆိုကို ဆန့်ကျင်မဲပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ဘီလာရုဇ်နိုင်ငံက ပေးပို့တဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာလည်း နှစ်နိုင်ငံဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာကိစ္စရပ်တွေကို တူညီတဲ့အမြင်တွေနဲ့ စောင့်ကြည့်နေတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဘီလာရုဇ် သမ္မတ လူကာရှန်ကိုက မြန်မာ့လွတ်လပ်ရေးနေ့ကို ပေးတဲ့သဝဏ်လွှာမှာပဲ မြန်မာစစ်ခေါင်းဆောင်ကို ဘီလာရုဇ်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ ဘီလာရုဇ်ခရီးစဉ်အပြန် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့ကို ပြန်ဝင်မှာဖြစ်ပြီး အဲဒီမြို့မှာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြောထားပါတယ်။

တစ်ဖက်မှာလည်း မြန်မာစစ်ကောင်စီဟာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဘီလာရုဇ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ပူးတွဲခန့်အပ်ထားပြီးဖြစ်ပါတယ်။

