ခြံအမှတ် (၅၄) လေးကြိမ်မြောက်လေလံအပေါ် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ကန့်ကွက်

0

ခြံအမှတ် (၅၄) လေးကြိမ်မြောက်လေလံအပေါ် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ကန့်ကွက်



ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားကန်ဘေးရှိ အမွေဆိုင်ရာ အငြင်းပွားမှုနဲ့ ဆက်နွယ်တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က မတ်လ ၆ ရက်နေ့ ရုံးချိန်းတွင် ကန့်ကွက်လွှာ တင်ခဲ့ကြောင်း သိရှိရသည်။
ဤနေအိမ်နှင့် ခြံကို ယခင်က သုံးကြိမ်တိုင်လေလံတင်ရောင်းချခဲ့သော်လည်း အောင်မြင်မှုမရှိသည့်အတွက် ဈေးနှုန်းလျှော့ချပြီး ထပ်မံ လေလံတင်ရောင်းချရန် တရားရုံးသို့ တင်ပြထားခြင်းသည် ဥပဒေနဲ့ မညီမသာဖြစ်ကြောင်း ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့သည်။
ကမာရွတ်ခရိုင်တရားရုံး၏ အစီအစဉ်ဖြင့် ပထမအကြိမ်တွင် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ်တွင် ၃၀၀ ဘီလီယံ၊ တတိယအကြိမ်တွင် ၂၉၇ ဘီလီယံဖြင့် လေလံတင်ရောင်းချခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သည်။ လက်ရှိတွင် ၂၉၇ ဘီလီယံမှ ၂၇၀ ဘီလီယံအထိ ဈေးနှုန်းလျှော့ချပြီး လေလံတင်ရောင်းချရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးသို့ ထပ်မံတင်ပြထားသည်။
ဒီအပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ထားသဖြင့် လာမည့် မတ်လ ၂၀ ရက်နေ့တွင် နှစ်ဖက်စလုံးမှ လျှောက်လဲချက်များ တင်ပြရန် တရားရုံးက ဆုံးဖြတ်ထားသည်။
နောက်ထပ် ဆောင်ရွက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့တွေ့ဆုံဆွေးနွေးရန် လိုအပ်သဖြင့် စစ်ကောင်စီသို့ တရားဝင် တောင်းဆိုထားသော်လည်း ယနေ့အထိ တွေ့ခွင့် မရရှိသေးကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးမပေး သည့်အပေါ် စစ်ကောင်စီဘက်မှ သဘောထားသိရှိနိုင်ရန် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင် စစ်အစိုးရလက်ထက်တွင် ခြံအမှတ် (၅၄) နေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top