မောင်တောမြို့တွင် အိမ်ခြံဝင်း သန့်ရှင်းရေးလုပ်စဉ် စစ်ကျန်ဗုံးသီး ၁ လုံး တွေ့ရှိ
ARAKAN BEACON - မတ် ၁၊ ၂၀၂၅
ရိုဟင်ဂျာပြည်နယ်၊ မောင်တောမြို့ (၃) မိုင်ရပ်ကွက်ရှိ အရပ်သားတစ်ဦး၏ အိမ်ခြံဝင်းတွင် သန့်ရှင်းရေးလုပ်နေစဉ် စစ်ကျန်ဗုံးသီး ၁ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
ဗုံးသီးကို တွေ့ရှိသူမှာ အသက် ၆၃ နှစ်အရွယ် ဦးဘလှ ဖြစ်ပြီး ၎င်းသည် ဦးစောထွန်းဖြူ၏သား ဖြစ်ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အိမ်သန့်ရှင်းရေးလုပ်နေစဉ် ဗုံးသီးကို တွေ့ရှိခဲ့ပြီး ဘေးအန္တရာယ်ရှိနိုင်သဖြင့် အာရက္ခတပ်တော် (AA) ထံသို့ သွားရောက် အပ်နှံခဲ့သည်။
"အိမ်သန့်ရှင်းရေးလုပ်နေလို့ မထင်မှတ်ပဲ တွေ့လိုက်တာ။ အန္တရာယ်ရှိမယ် ထင်လို့ AA ကို သွားအပ်လိုက်တာ" ဟု ဦးဘလှက ပြောဆိုခဲ့သည်။
သန့်ရှင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့သော ဗုံးသီးသည် MG-1 အမျိုးအစားဖြစ်ပြီး ယခင်က (၃) မိုင်ရပ်ကွက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်များ ထားရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ဦးဘလှက ထပ်မံဖော်ပြသည်။
ဦးဘလှသည် သုံးပတ်အကြာတွင် နေအိမ်သို့ ပြန်ဝင်ရောက်ခဲ့သော်လည်း မိသားစုများသည် မကြာသေးမီကသာ ပြန်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြန်နေထိုင်မှုကြောင့် သန့်ရှင်းရေးလုပ်စဉ် စစ်ကျန်ဗုံးသီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် (၃) မိုင်ရပ်ကွက်တွင် ပြည်သူအချို့ ပြန်လည်နေထိုင်နေပြီး နေအိမ်များနှင့် လမ်းများတွင် စစ်ကျန်လက်နက်ခဲယမ်းများ တွေ့ရှိနေသည့်အတွက် ဒေသခံများသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း (၃) မိုင် ဝေသာလီရပ်ကွက်ရှိ မူလတန်းကျောင်းအနီးတွင် အငှားသန့်ရှင်းရေးလုပ်နေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် မောင်ထွန်းစိန်သည် ပြင်းထန်သောဒဏ်ရာများ ခံရခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
မောင်တောမြို့တွင် စစ်ကျန်လက်နက်များကြောင့် ပြည်သူများအတွက် အန္တရာယ်များတိုးလာနေသဖြင့် သက်ဆိုင်ရာအဖွဲ့များမှ လိုက်လံရှင်းလင်းပေးရန် လိုအပ်နေသည်။


