📅 ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ (သောကြာနေ့)
📄 ရခိုင်ပြည်နယ်အရေးကြီးသော သတင်း
![]() |
| မူရင်းဓာတ်ပုံ - Dhaka Tribune |
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နတ်မြစ်အတွင်း ရခိုင်ရေပိုင်နက်ထဲသို့ ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၉ ဦးအား အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများ မှတဆင့် သိရှိရသည်။
ဤဖမ်းဆီးမှုသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရခိုင်-ဘင်္ဂလာ ရေပြင်အစပ်၊ ရှင်မဖြူကျွန်းအနီးရှိ ဂိုလာချာဧရိယာတွင် ငါးဖမ်းသမား ၁၀ ဦးနှင့် နိုက်ခန်ဒီယာဧရိယာတွင် ၉ ဦးအား ငါးဖမ်းစက်လှေ ၄ စီးနှင့်အတူ AA မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် တက္ကနာအုပ်ချုပ်ရေးအရာရှိ ရှိတ်အာဆန်အူဒင်ကလည်း ဤအချက်အလက်များကို အတည်ပြုခဲ့ပြီး "ငါးဖမ်းသမားတွေ မြန်မာရေပိုင်နက်ထဲ ဝင်လာချိန်မှာ AA က ဖမ်းဆီးသွားတာ" ဟု ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက AA ၏ ဖမ်းဆီးမှုအပေါ် အလေးပေးရေးသားသော်လည်း ငါးဖမ်းသမားများသည် မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကိုတော့ ပုံပြင်ပျက်စေသည့်အသွင်အပြင်ဖြင့်သာ ဖော်ပြကြသည်။
AA သည် ဤဖမ်းဆီးမှုမတိုင်မီ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦးအား နတ်မြစ်အတွင်း ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်လွတ်ရန် အခြေအနေ မတွေ့ရသေးပါ။
ငါးဖမ်းသမားများ ဝင်ရောက်လာသည့် နတ်မြစ်အတွင်း သောင်များရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများသည် ရခိုင်ရေပိုင်နက်ထဲဖြတ်သန်းခြင်းများ ရှိနေကြောင်း လှေပိုင်ရှင်များက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကလည်း ငါးဖမ်းသမားများ ပြန်လွတ်ရေးအတွက် ကြိုးပမ်းနေကြောင်း သိရှိရသည်။


