(ရက်စွဲ - ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅ | သောကြာနေ့)
(ရခိုင်ပြည်နယ်အရေးကြီးသော သတင်း)
မြန်မာနိုင်ငံအပေါ် စစ်တပ်အာဏာသိမ်းပြီးနောက် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း ပိုလန်နိုင်ငံက မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ဆက်လက်ဝယ်ယူနေသည့်အကြောင်း အမေရိကန်သတင်းဝက်ဆိုက် MONGABAY က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ClientEarth မှ ပိုလန်နိုင်ငံ သစ်ကုန်သွယ်ရေး အာဏာပိုင်များအား ဥရောပသမဂ္ဂ၏ ပိတ်ဆို့သည့် ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရန် မကြာသေးမီက တောင်းဆိုခဲ့ကြောင်း သိရသည်။
ပိုလန်နိုင်ငံ ဗဟိုစာရင်းအင်းဌာနမှ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်အများဆုံး ပါဝင်သည့် သစ်သားများကို ခန့်မှန်းတန်ဖိုး ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။
ClientEarth မှ ယင်းသစ်ကုန်သွယ်မှုသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ရေးများကို ချိုးဖောက်ခြင်းသာမက ပိုလန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ သစ်ကုန်သွယ်ရေးဥပဒေများကိုလည်း ဖောက်ဖျက်နေသည်ဟု ဝေဖန်ထားသည်။
၂၀၂၀ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှ သစ်ကုန်သွယ်မှုသည် ဥပဒေရေးရာ စစ်ဆေးမှု မပြုနိုင်သည့်အတွက် ပိတ်ဆို့ထားခဲ့သော်လည်း ယခုအချိန်အထိ အချို့သော ဥရောပနိုင်ငံများက မြန်မာကျွန်းသစ်များကို ဆက်လက်ဝယ်ယူနေဆဲဖြစ်ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ သစ်တောများသည် ၂၀၃၅ ခုနှစ်မတိုင်မီ ပြုန်းတီးသွားနိုင်သည်ဟု သတိပေးကြောင်း MONGABAY က ဖော်ပြထားသည်။


