ပလက်ဝမြို့နယ်တွင် ဆေးဝါးများ ပြတ်လပ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ဖျားနာသူများနှင့် ဝမ်းပျက်ဝမ်းလျော့ရောဂါများဖြစ်ပွားသူများ အများအပြားရှိနေကြောင်း ဒေသခံများက အသိပေးထားသည်။
ကျေးရွာများတွင် ဆေးခန်းများရှိသော်လည်း ကျွမ်းကျင်ဝန်ထမ်းများနှင့် လုံလောက်သော ဆေးဝါးများ မရှိသဖြင့် မကျန်းမမာသူများ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် ခိုက်ခါအုပ်စုရှိ ကျေးရွာတစ်ခုတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ဆေးကုသမှုမရနိုင်သဖြင့် သေဆုံးခဲ့သည်။ "ကလေးက ရိုးရိုးဖျားနာတာပါ။ ဆေးဝါးမရှိလို့ မြို့တက်ပြီး ဆေးကုမရဘူး။ တစ်ပတ်အကြာမှာ ရောဂါပိုဆိုးလာလို့ မြောက်ဦးဆေးရုံကို ဦးတည်သွားရာ လမ်းမှာပဲ သေဆုံးခဲ့တာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီလတွင်လည်း ဒိုးချောင်းဝကျေးရွာ၌ ဝမ်းပျက်ဝမ်းလျော့ရောဂါဖြစ်ပွားသော အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒေသခံများက "အိန္ဒိယဘက်မှ ဆေးဝါးနှင့် စားသောက်ကုန်များ သယ်ယူရာတွင် အခက်အခဲကြုံနေရပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကျေးလက်ဒေသများရှိ ပြည်သူများအတွက် ဆေးကုသမှု မလုံလောက်နိုင်သဖြင့် အသက်ဆုံးရှုံးမှုများ တိုးလာခဲ့ကြောင်း" ပြောကြသည်။
ပလက်ဝမြို့နယ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့်ဒေသဖြစ်ပြီး ဆေးဝါးပြတ်လပ်မှုနှင့် အခြေခံအထောက်အပံ့များမလုံလောက်မှုကြောင့် ဒေသခံပြည်သူများသည် တော်တော်လေးကို အခက်အခဲကြုံတွေ့နေရသည်။


