ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ လေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်များက ထောက်ပြသည်။ ထွက်ပြေးသူများအနက် အရာရှိတစ်ဦးပါဝင်ပြီး၊ ၎င်းတို့သည် စစ်ဆင်ရေးအတွက် ရှေ့တန်းထွက်ရန် ညွှန်ကြားချက် ချမှတ်လာခြင်းကြောင့် စစ်တိုက်ရန် စိတ်ပျက်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထွက်ပြေးသူ ၅ ဦးထဲမှ ၂ ဦးမှာ ဧရာဝတီတိုင်းနယ်မြေမှဖြစ်ပြီး ကျန် ၃ ဦးမှာ ရန်ကုန်တိုင်းနယ်မြေမှဖြစ်ကြောင်း သတင်းရသည်။ ထို့အပြင် ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ဆင်ရေးပို့မည်ဆိုသော သတင်းကြောင့်လည်း ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၂ ရက်အတွင်း ပုသိမ်မြို့နယ် ခလရ-၁၁ မှ အရာရှိအပါအဝင် တပ်သား ၁၄ ယောက်၊ ရေကြည်မြို့နယ်မှ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှ တပ်ကြပ်အပါအဝင် တပ်သား ၁၂ ယောက်နှင့် ပုသိမ်မြို့ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်သားသစ် ၅ ယောက်တို့လည်း လက်နက်များဖြင့် ထွက်ပြေးသွားကြောင်း သတင်းရရှိခဲ့သည်။



