လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ပွဲဆက်လက်ဆင်နွှဲသွားမယ်လို့ ပြောကြားခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရေးပြကွင်းတွင် ကျင်းပသည့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၈) သင်တန်းဆင်းအခမ်းအနားတွင် မင်းအောင်လှိုင်က၊ “တည်ငြိမ်အေးချမ်းရေးကို လိုလားသူ ဒေသခံများနှင့်ပူးပေါင်းကာ နယ်မြေချဲ့ထွင်မှုများကို တရားသောစစ်ဖြင့် ဟန့်တားသွားမည်” ဟု ပြောကြားခဲ့သည်။
မင်းအောင်လှိုင်သည် တရားမဝင်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြည်သူ့တွန်းလှန်မှုများကို နယ်မြေချဲ့ထွင်မှုဟု သုံးနှုန်းကာ အရပ်သားများ၊ ငယ်ရွယ်သူများအား အဓမ္မဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းနေသည့်အပြင် တပ်မတော်ဆောင်ရွက်နေသော စစ်ကိုလည်း တရားသောစစ်ဟု သုံးနှုန်းပြောကြားခဲ့သည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် NUG၊ CRPH နှင့် PDF အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တရားမဲ့စွာ လက်နက်ကိုင်နည်းလမ်းများ အသုံးပြုနေသည်ဟုလည်း စွပ်စွဲခဲ့သည်။
လွန်ခဲ့သော ရက်များအတွင်း အာဂျင်တီးနားနိုင်ငံရှိ ဘွေနို့စ်အိုင်းရဲ့စ်မြို့တော်တရားရုံးက ရိုဟင်ဂျာလူမျိုးစုများအား လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများအဖြစ် မင်းအောင်လှိုင်နှင့် စိုးဝင်အပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်က မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) မှ တရားအမှုဖွင့်ခဲ့သည့် အကြောင်း သိရသည်။
ဖမ်းဝရမ်းအရ၊ မင်းအောင်လှိုင်နှင့် အခြားအရာရှိများအား INTERPOL မှ ဖမ်းဆီး၍ အာဂျင်တီးနားတရားရုံးသို့ လွှဲပြောင်းပေးနိုင်ခြင်း ရှိသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှာလည်း မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းထုတ်ပေးရန် တရားလို Karim Khan မှ တောင်းဆိုခဲ့သည်။
စစ်ပွဲဆက်လက်ဆင်နွှဲမယ်လို့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဝရမ်းထုတ်ခံထားရတဲ့ မင်းအောင်လှိုင် ပြောဆို
February 21, 2025
0
Tags
Share to other apps


