မြန်မာနိုင်ငံအရေးသည် အိမ်နီးချင်းနိုင်ငံများအတွက် စိန်ခေါ်မှုများဖြစ်လာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရမ်ဘာ (Rambau) မဲဆန္ဒနယ်အတွင်း ဗလီများအတွက် ရာမဇန်လှူဒါန်းငွေ တင်ပြသည့် အခမ်းအနားပြီးဆုံးချိန်တွင် သတင်းထောက်များထံ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားအခြေစိုက် The Sun သတင်းမှ ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါး ဆက်နွယ်မှုများသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးနှင့် မြန်မာပြည်သူများ၏ အနာဂတ်အတွက် ကူညီစောင့်ရှောက်ရေးများကို မလေးရှားအစိုးရအနေဖြင့် ကတိကဝတ်ပြုထားပြီး ယနေ့ထိ အခိုင်အမာ ဆက်လက်ဆောင်ရွက်နေကြောင်း” ဟု ဝန်ကြီးက ထပ်မံဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်မှသာ ပဋိပက္ခဒေသများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အတားအဆီးမရှိ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ထောက်ပြခဲ့သည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများအဆုံးသတ်ရေးနှင့် ပြည်တွင်းရေး ပြန်တည်ငြိမ်ရေးအပေါ် မျှော်လင့်ချက်ရှိကြောင်း ပြောဆိုခဲ့ပြီး၊ ဒါမှသာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးနိုင်မည်ဟု ဖော်ပြခဲ့ပါသည်။
၂၀၂၅ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံကတာဝန်ထမ်းဆောင်နေပြီး၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကိုလည်း အာဆီယံဆိုင်ရာ အကြံပေးအဖြစ် မလေးရှားဝန်ကြီးချုပ်က ခန့်အပ်ထားပါသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင်ရှင်နာဝပ်တို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာအရေးအပေါ် အရေးကြီးသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များမှ သိရသည်။


