ရခိုင်ပြည်နယ်၊ ပေါက်တော | ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ (သောကြာနေ့)တိုက်ခိုက်ခဲ့ရာအတွက် အရပ်သား ၂၁ ဦး ထိခိုက်
ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်လည်ပိုင်းတွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာအား စစ်ကောင်စီက လေကြောင်းမှ Y12 လေယာဉ်များဖြင့် ဗုံးအလုံး ၅၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာအတွက် အရပ်သား ၂၁ ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
ထိခိုက်မှုခံရသူ ၂၁ ဦးထဲမှ ၄ ဦးသည် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၁၇ ဦးအနက်က အရေးပေါ် ဆေးကုသမှုခံယူနေရသူများလည်း ရှိကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေးနှစ်ဦးပါဝင်သည်။
တိုက်ခိုက်ခံရသော ကျေးရွာများနှင့် ထိခိုက်မှုအခြေအနေများ
-
ကျောက်တောင်ကျေးရွာတွင် ဗုံးကြဲတိုက်ခိုက်မှုဖြင့် အသက် ၅ နှစ်အရွယ် မောင်အောင်ငြိမ်းနိုင်၊ အသက် ၁၂ နှစ်အရွယ် မခိုင်ဇင်လှိုင်နှင့် အသက် ၅၀ အရွယ် ဒေါ်မလုံး တို့ သေဆုံးခဲ့ကြသည်။ ဒဏ်ရာရသူများမှာ မပန်းအိနွယ် (၆ နှစ်)၊ မဖြူဖြူဆန်း (၂၃ နှစ်)၊ ကိုနေထွန်းလင်း (၂၄ နှစ်)နှင့် မနေစိုးမ (၃၀ နှစ်) တို့ဖြစ်သည်။
-
ငပြီကျွန်းနှင့် ဆင်တက်မော် ဘော်ဒလီကျေးရွာတို့တွင် ဗုံး ၆ လုံးစီဖြင့် တိုက်ခိုက်ခဲ့ရာ၊ ကိုကျော်ဇေယျ (၃၉ နှစ်)၊ ဦးသန်းစိန်အောင် (၄၁ နှစ်)၊ ဒေါ်စောသိန်းခိုင် (၄၅ နှစ်)နှင့် ဒေါ်သန်းနုအေး (၅၀ နှစ်) တို့သည် ဒဏ်ရာရခဲ့သည်။
-
ဆင်တက်မော် တောတန်းကျေးရွာတွင် ကိုဆန်းမြတ်သူ (၂၈ နှစ်)နှင့် ဒေါ်ယဉ်သိန်းနု (၆၂ နှစ်) တို့သည် ဒဏ်ရာရရှိခဲ့သည်။
-
မညင်းကိုင်းကျေးရွာတွင် ဗုံး ၂ လုံးကြဲခြင်းကြောင့် ကိုကိုလင်း (၂၄ နှစ်) သေဆုံးခဲ့ပြီး မောင်ဦးကိုဝင်း (၈ နှစ်)၊ မဝေဝေစိုး (၁၄ နှစ်)၊ ဒေါ်သန်းသန်းအေး (၃၆ နှစ်)နှင့် ဦးအောင်သာထွန်း (၄၅ နှစ်) တို့သည် ဒဏ်ရာရခဲ့သည်။
-
ဆင်တက်မော် မွတ်ဆလင်ကျေးရွာတွင် ဦးမာတာပေါက် (၃၀ နှစ်)သည် ဒဏ်ရာရခဲ့သည်။
-
အနောက်ရဲကျေးရွာတွင် မောင်ဝူဆမန်ဒါအန်ဂေါ် (၇ နှစ်)နှင့် ဒေါ်ရှော်ရီဘာယာဒူ (၄၀ နှစ်) တို့သည် ဒဏ်ရာရခဲ့ကြသည်။
ထို့အပြင် သဲခုံ၊ ဆံတော်ရှင်ကျွန်း၊ ပိန္နဲချောင်းကျွန်း၊ တောင်ဦးမော် ကျေးရွာများနှင့် ပေါက်တောမြို့ပေါ်ကိုလည်း ဗုံး ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုအသေးစိတ် မသိရသေးပါ။
ဒေသခံတစ်ဦးက "ပေါက်တောမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ အမြဲဖြစ်လို့ ပြည်သူတွေ အလွန်စိုးရိမ်နေကြတယ်။ မနေ့က ပေါက်တောမှာ ကြဲတဲ့ဗုံးအသံကို စစ်တွေမြို့ထိ ကြားနိုင်ခဲ့တာကို တွေ့ရပါတယ်" ဟု ပြောသည်။
အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြား တင်းမာမှုများကြောင့် စစ်ကောင်စီက AA ထိန်းချုပ်ရာဒေသများကို အမြဲတမ်း လေကြောင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။




