ချောက်တွင် ပေါ်တာဆွဲရန်စောင့်နေသည့် စစ်သားများ မိုင်းဆွဲခံရမှုကြောင့် နှစ်ဦးသေဆုံး၊ သုံးဦးထက်မနည်း ဒဏ်ရာရရှိ
(ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅၊ သောကြာနေ့) – Rakine Focus
မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ်(၃) ပြည်ထောင်စုလမ်းမပေါ်တွင် ပေါ်တာဆွဲရန် စောင့်နေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုအတွင်း စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် စစ်သား ၁၀ ဦးဝန်းကျင်သည် ပေါ်တာဆွဲခြင်းနှင့် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေစဉ် အပစ်ခတ်ခံခဲ့ရသည်။ Chauk Guerrilla Force, အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ချောက်မြို့နယ် (ပကဖ) နှင့် မကွေးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်မှုဖြစ်ကြောင်းသတင်းထွက်ပေါ်သည်။
တိုက်ခိုက်မှုနှင့်ပတ်သက်၍ Chauk Guerrilla Force တာဝန်ခံ Ko Paing က “ကျွန်ုပ်တို့ ထောင်ထားသည့် မိုင်းပေါ်မှာ စစ်သားများ မတ်တပ်ရပ်နေချိန် မိုင်းဆွဲလိုက်ခြင်းဖြစ်သည်” ဟု ပြောကြားသည်။
ထိုတိုင်ပတ်တွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ရဲစခန်းရှိနေသော်လည်း မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားသည့်အချိန်တွင် စစ်တပ်ဘက်မှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသည့် စစ်သားများကို မိထ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်သွားခဲ့ကြောင်းလည်း သတင်းရရှိသည်။
သို့သော် ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ အတွက် သီးခြားအတည်ပြုချက်မရရှိသေးပဲ ဖြစ်နေသည်။
(Rakine Focus မှ သတင်း)


