မန်တုံတွင် KIA နှင့် TNLA တပ်ဖွဲ့များထပ်မံပဋိပက္ခဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းလွတ်မြောက်တပ်မတော် (TNLA) တို့ကြား ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် TNLA တပ်ဖွဲ့များက KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ (၄) တပ်ရင်း (၃၄) ၏ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနှင့် KIO မန်ပွန်းတိုက်နယ်ရုံးတို့ကို သိမ်းပိုက်ခဲ့ပြီး လက်နက်များသိမ်းဆည်းခဲ့သည်။ ထို့နောက် ညှိနှိုင်းဖြေရှင်းမှုများဆောင်ရွက်ခဲ့သော်လည်း ရက်ပိုင်းအကြာတွင် မန်မောက်ရွာရှိ KIA တပ်ရင်း (၃၄) တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့များက ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ဖော်ပြသည်။
အဆိုပါဖြစ်စဉ်ကြောင့် KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး TNLA ဘက်တွင် ထိခိုက်မှုရှိ၊မရှိကို မသိရှိနိုင်သေးပေ။ ဒဏ်ရာရရှိသူများအား TNLA ဘက်က ဆေးကုသပေးနေကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြသော်လည်း ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
KIA နှင့် TNLA တပ်ဖွဲ့များကြား အစဉ်အမြဲ နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားလေ့ရှိပြီး ဇန်နဝါရီလအတွင်းတွင်လည်း တစ်ဦးချင်းစီ လက်ချည်ဗလာ စိန်ခေါ်ထိုးကြမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၃၁ ရက်တွင် နှစ်ဖက်တပ်မှူးများ တွေ့ဆုံညှိနှိုင်းပြီး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုသဘောတူညီမှုမပြီးမြောက်သေးသည့် အနေအထားကြောင့် မန်တုံ၌ ထပ်မံပဋိပက္ခ ဖြစ်ပွားခြင်းဖြစ်နိုင်သည်။
KIA ဗဟိုအာဏာဖြစ်သည့် KIO မှ တပ်ဖွဲ့ဝင်များအား သေနတ်မဖောက်ရန်နှင့် ဆွေးနွေးဖြေရှင်းရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များက ထပ်မံဖော်ပြသည်။
သတင်းရင်းမြစ်များအရ တော်လှန်ရေးတပ်ဖွဲ့များအကြား ယင်းကဲ့သို့ မဟာမိတ်အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျှင် စစ်ကောင်စီဘက်က အထောက်အထားယူနိုင်မည်ဖြစ်ပြီး ပြန်လည်ချုပ်ကိုင်နိုင်မည်ဟု စိုးရိမ်သံများထွက်ပေါ်လျှက်ရှိသည်။



