ရခိုင်ပြည်နယ်အရေးကြီးသော သတင်း |
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ (သောကြာနေ့)
မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိသွားသော မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အမ်တိုနီယို ဂူတာရက်စ်သည် မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
UN အတွင်းရေးမှူးချုပ် လာမည့်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်မည်ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများမှ မွတ်ဆလင်များအား နယ်မြေရှင်းလင်းရေးဖြင့် နှိပ်စက်ခဲ့ပြီး သိန်းနှင့်ချီသော မွတ်ဆလင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအုပ်ချုပ်နေသည့် ၂၀၁၅ ခုနှစ်တွင် မွတ်ဆလင်များ နေရပ်ပြန်ရေးစီမံကိန်းများ ပြုလုပ်ခဲ့သော်လည်း အနည်းငယ်သာ ပြန်လည်ရောက်ရှိခဲ့ပြီး အများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ဆဲဖြစ်သည်။
နေရပ်ပြန်ရေးဆိုင်ရာ ဆွေးနွေးမှုများကို စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဆက်လက်ဆောင်ရွက်နေသော်လည်း အကောင်အထည်မဖော်နိုင်သေးပေ။ ထို့အပြင် လက်ရှိတွင် ဘူးသီးတောင်နှင့် မောင်တောဒေသများအား အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားခြင်းကြောင့် နေရပ်ပြန်ရေးဆိုင်ရာ ဆွေးနွေးမှုများတွင် AA နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်နိုင်ကြောင်း သုံးသပ်သူများက ဆိုကြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက မွတ်ဆလင် ၁.၃ သန်းနီးပါးကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြောင်း သိရပြီး၊ ရခိုင်ပြည်နယ်အတွင်း ဘေးကင်းဇုန် (Safe Zone) တည်ဆောက်ရန်လည်း UN နှင့် ဆွေးနွေးနေသည်။
အဆိုပါ ဆွေးနွေးမှုများသည် မွတ်ဆလင်များ၏ နေရပ်ပြန်ရေး အရေးအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး၊ ထိုပြန်လည်နေရာချခြင်းတွင် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ မူလနေထိုင်ခဲ့သည့်ကျေးရွာများသို့ ပြန်သွားခွင့်နှင့် နိုင်ငံသားအခွင့်အရေးများကို ထောက်ခံပေးရန် တောင်းဆိုနေကြသည်။


