ဆော်ဒီအာရေဗျနိုင်ငံ ရီးယာ့ဒ်မြို့တော်တွင် အမေရိကန်နှင့် ရုရှား ထိပ်သီးအရာရှိများ တွေ့ဆုံဆွေးနွေးပြီးနောက်၊ နှစ်နိုင်ငံအကြား သံတမန်မစ်ရှင်များကို ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူညီမှုကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြုခဲ့ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထုတ်ပြန်ကြေညာခဲ့သည်။
ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်နှင့် ရုရှား ဆက်ဆံရေး ပြင်းထန်စွာအဆင်မပြေခဲ့သဖြင့် ဘိုင်ဒန်အစိုးရလက်ထက်တွင် ရုရှားသံတမန်မစ်ရှင်များကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယခု သမ္မတထရမ့် အစိုးရသစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ပြုလုပ်ရန် ကြိုးပမ်းမှုများ ပြုလုပ်နေသည်။
သံတမန်မစ်ရှင်များကို ပြန်လည်ဖွင့်ရန် သဘောတူညီမှုသည်၊ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများနှင့်လည်း ဆက်စပ်မှုရှိနိုင်သည်ဟု သုံးသပ်ကြသည်။ ထိုသဘောတူညီမှုဖြင့် နှစ်နိုင်ငံသံရုံးများ ပုံမှန်လုပ်ငန်းများ ပြန်လည်တက်ကြွစွာ ဆောင်ရွက်နိုင်ရန် ရူဘီယိုက အာမခံထားသည်။


