ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ | ဗုဒ္ဓဟူးနေ့)
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်များကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများ အများဆုံး ဖြစ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သော လက်နက်များကြောင့် လူဦးရေ ၁၀၀၃ ယောက် သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။ ဒုတိယအများဆုံးဖြစ်သော ဆီးရီးယားတွင် ၉၃၃ ယောက်၊ တတိယအများဆုံးဖြစ်သော အာဖဂန်နစ္စတန်တွင် ၆၅၁ ယောက် သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများသည် အရှေ့မြောက်၊ အနောက်မြောက်နှင့် အရှေ့တောင်ဒေသများတွင် ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခများ တင်းမာလာခြင်းကြောင့် လူသားချင်းစာနာမှုအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။
ကုလသမဂ္ဂ၏ စာရင်းအရ စစ်ပွဲများကြောင့် ပြည်တွင်းတွင် ရွှေ့ပြောင်းနေထိုင်သူများ စံချိန်တင် မြင့်တက်လာပြီး လူဦးရေ ၃.၅ သန်းခန့်သည် မိမိနေအိမ်များမှ ထွက်ခွာလာရသည့်အခြေအနေတွင် ရှိနေသည်။ ထို့အပြင် လူဦးရေ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေသလို ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများလည်း ထိခိုက်ပြတ်တောက်နေသည်။
သန်းနဲ့ချီတဲ့ ပြည်သူများသည် လုံခြုံသော အမိုးအကာ မရရှိနိုင်သလို သောက်သုံးရေ ပြတ်လပ်မှုများလည်း ကြုံတွေ့နေရသည်။ ၂၀၂၄ ခုနှစ်အတွင်း ငွေကြေးအရ အခက်အခဲများနှင့် စိန်ခေါ်မှုများရှိခဲ့သော်လည်း လူသားချင်းစာနာထောက်ထားရေး အကူအညီများသည် လူဦးရေ ၄.၂ သန်းကျော်ထံသို့ ရောက်ရှိခဲ့ကြောင်း UNOCHA မှ ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးစီမံချက်အရ လူဦးရေ ၅.၅ သန်းထံ အရေးပါတဲ့အကူအညီများ ပို့ဆောင်ရန် ရည်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ လိုအပ်ကြောင်း ဆိုထားသည်။
Facebook

