Arakan Beacon News
ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာသို့ တိုက်ပွဲမရှိဘဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ
မတ် ၃၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ညောင်ပင်ကြီးစုကျေးရွာကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်မှ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အရွယ်ရောက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မိသားစုပေါင်း ၃၀၀ ကျော်နေထိုင်သည့် ယင်းရွာသည် ခင်ဦးမြို့နယ်အနောက်တောင်ဘက်တွင် တည်ရှိပြီး တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ပွားသော်လည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုမိုင်းကျဲမှုကြောင့် အသက် ၇၀ ခန့်ရှိသော အဖိုးအဖွား လင်မယား ၂ ဦး ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မရှိကြောင်း သိရသည်။
"စစ်တပ်သည် ခြေလျင်စစ်ဆင်ရေးများ ဆောင်ရွက်ရန် အခက်တွေ့လာသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လာနေသည်။ ယခုတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးမှုမရှိသော်လည်း ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်" ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် သေဆုံးသူ မရှိသော်လည်း ပြည်သူများကြားတွင် ကြောက်လန့်မှုများ ဖြစ်ပွားခဲ့ပြီး အချို့မိသားစုများသည် နယ်မြို့များသို့ ရွှေ့ပြောင်းတိမ်းရှောင်နေကြသည်။
လေကြောင်းတိုက်ခိုက်မှုများ တိုးလာသည့်အတွက် ပြည်သူများအနေဖြင့် လူစုလူဝေးဖြစ်စေသည့်ပွဲများ ရှောင်ရှားရန်နှင့် အန္တရာယ်ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ ပြုလုပ်ထားရန် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားသည်။


