မြန်မာအလုပ်သမား ၂၄ ယောက်ကို ရုရှားနိုင်ငံသို့ စတင်စေလွှတ်
(မတ် ၆၊ ၂၀၂၅)မြန်မာနိုင်ငံအနေဖြင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ပြုလုပ်ပေးရန်အတွက် ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမား ၂၄ ယောက်ကို မတ်လ ၅ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။
Vista International Co.,Ltd သည် Joint-Stock Company ‘Inturd’ Co.,Ltd နှင့် ပူးပေါင်းပြီး မြန်မာအလုပ်သမား ၅၄ ယောက်ကို ရုရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သော်လည်း မူလအနေဖြင့် Pilot Project အနေနဲ့ ၂၄ ယောက်ကို အရင်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
"လက်ရှိအနေဖြင့် မြန်မာနှင့် ရုရှား အစိုးရများကြား သဘောတူစာချုပ် (MoU) ကို မဖြစ်မြောက်သေးသဖြင့် ယင်းအစား Pilot Project ဖြင့် အလုပ်သမားများကို စတင်စေလွှတ်ခြင်းဖြစ်သည်။ ပို့ဆောင်သည့်အလုပ်သမားများသည် ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ကျန်သော အလုပ်သမားများကိုလည်း နောက်ထပ်စေလွှတ်ရန် ကြိုးပမ်းနေသည်" ဟု အလုပ်သမား ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရုရှားနိုင်ငံတွင် တာဝန်ထမ်းဆောင်မည့်အလုပ်သမားများသည် လယ်ယာလုပ်ငန်းအတွက် လစဉ်အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် General Worker အနေနဲ့ ဒေါ်လာ ၇၀၀ ဝန်းကျင်ရရှိနိုင်မည်ဖြစ်ပြီး ကျွမ်းကျင်အလုပ်သမားများအနေဖြင့် လစာဒေါ်လာ ၂၀၀၀ မှ ၂၅၀၀ အထိရရှိနိုင်မည်ဟု သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူညီချက်ချုပ်ဆိုခြင်း၊ မတ် ၃ ရက်တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းပေးခြင်းနှင့် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား အလုပ်သမားအတွက် အခမဲ့စနစ် (Zero-Cost) ဖြင့် အလုပ်လုပ်နိုင်မည့်အခြေအနေများ ရှိနေပြီး မြန်မာအလုပ်သမားများအနေဖြင့် အခြေခံကုန်ကျစရိတ်သာ ဖြင့်အလုပ်ရနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းအဖြစ် ထိုင်း၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပြင် ရုရှားနိုင်ငံလည်း ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။


