မိုးဗြဲတွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် လူသေ၊ ဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အထွက်ရှိ တောင်ယာတဲတစ်ခုကို မတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ ခဲ့သည်။
ဒဏ်ရာရသူများထဲတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီး သုံးဦး ပါဝင် ပြီး မိုးဗြဲ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆေးကုသပေး နေကြောင်း သိရသည်။
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က မိုးဗြဲ - လွိုင်ကော် လမ်းတစ်လျှောက်မှ စစ်ကြောင်းထိုးနေသလို မိုးဗြဲမြို့အခြေစိုက် ခမရ-၄၂၂ တပ်မှလည်း မကြာခဏ လက်နက်ကြီးများပစ်ခတ်နေသည်။ ထို့ကြောင့် အရပ်သားများ ထိခိုက်မှုများ တိုးလာ ကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် KNDF နှင့် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုဖြင့် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထို့နောက် စစ်ကောင်စီတပ်က ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် မိုးဗြဲမြို့ကို ပိုမို ပစ်ခတ်လာမှုများစွာ ဖြစ်ပွား နေသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲ၊ ဖယ်ခုံနှင့် ကယားပြည်နယ်များတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရ ခဲ့ကြောင်းဖော်ပြထားသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားမှု မရရှိခဲ့ ကြောင်း သိရသည်။


