မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသေဆုံးသည့် စစ်ကောင်စီတပ်သားများ၏ အရိုးစုများ တွေ့ရှိ

0

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသေဆုံးသည့် စစ်ကောင်စီတပ်သားများ၏ အရိုးစုများ တွေ့ရှိ



ချင်းပြည်နယ်၊ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက တိုက်ခိုက်သည့်အခါ စခန်းစွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများ၏ အရိုးစုများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အမည်ဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး ဇွန်လ ၂၉ ရက်အတွင်း မြို့တွင်းရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ အမှတ် (၃၀၄) ခြေလျင်တပ်ရင်း၊ ချင်းပြည်တောင်ပိုင်းအကြီးဆုံး ဗျူဟာစခန်းနှင့် အမှတ် (၁၄၀) ခြေလျင်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ အနက် တချို့သည် တောထဲတွင် သောက်ရေ မရှိ စားစရာပြတ်လပ်မှု၊ ကြမ်းတမ်းသည့်ရာသီဥတုနှင့် ဝမ်းရောဂါတို့ကြောင့် သေဆုံးကြောင်း စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက ဖော်ပြခဲ့သည်။







မင်းတပ်နှင့် မတူပီမြို့နယ်အကြားတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ အရိုးစု ၂၀ ကျော်ကို တွေ့ရှိခဲ့ပြီး ဒေသခံများ၏ ပြောကြားချက်အရ ၁၂၀ ကျော်ရှိနိုင်သည်ဟု ယူဆရသည်။ သို့သော် တောနက်ပြီး တောကောင်များကြောင့် ဆက်လက်ရှာဖွေရန် မဖြစ်နိုင်ကြောင်း ဆိုသည်။

ရှာဖွေတွေ့ရှိခဲ့သည့်အထဲတွင် ကျည်ကာအင်္ကျီများ၊ အရာရှိအမှတ်တံဆိပ်များ၊ ဦးပိုင်ကုမ္ပဏီမှ စစ်သားများအတွက် စုဆောင်းထားသည့် အစုရှယ်ယာငွေရပြေစာများနှင့် လူအသုံးဆောင်ပစ္စည်းများ ပါဝင်သည်။

စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက “တော်လှန်ရေးသမားများ၊ PDF နှင့် CDF များ ကျဆုံးသည့်အခါ ဂုဏ်သိက္ခာရှိစွာ သင်္ဂြိုဟ်သလိုပဲ စစ်ကောင်စီတပ်သားများကိုပါ ဂုဏ်သိက္ခာရှိစွာ သင်္ဂြိုဟ်ပေးလိုသည်” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် ချင်းပြည်နယ်တွင် ဖလမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ထန်တလန်၊ ဟားခါး၊ တီးတိန်မြို့များတွင် စစ်ကောင်စီတပ်များ တပ်စွဲနေဆဲဖြစ်သည်။ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နှင့် တွန်းဇံမြို့များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားကြောင်း သိရသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top