CDF ကန်ပက်လက်မှ ULA/AA သို့ ကျေးဇူးတင်ကြောင်း ပြောဆို
မတ် ၃၊ ၂၀၂၅
ချင်းတော်လှန်ရေးတပ်ဖွဲ့ (CDF) ကန်ပက်လက်က မတ်လ ၁ ရက်နေ့တွင် အာရက္ခတပ်တော် (ULA/AA) သည် အပတ်စဉ် ၁ စစ်ပညာသင်တန်းနှင့် လက်နက်ပစ္စည်းများထောက်ပံ့ကူညီပေးခဲ့မှုအတွက် အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာသည်။
CDF ကန်ပက်လက်မှ ထုတ်ပြန်ချက်အရ၊ ULA/AA သည် အစမှအဆုံး ထိသင်တန်းအောင်မြင်စွာ ပြီးမြောက်နိုင်ရေးတွင် ပါဝင်ကူညီခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ညီနောင်မိတ်ဆွေရင်းအဖြစ် စိတ်ထားမှန်ကူညီပေးသည့် ULA/AA သို့ အထူးဝိုင်းဝန်းကျေးဇူးတင်ကြောင်း ဆိုထားသည်။
CDF ကန်ပက်လက်သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။ လက်ရှိတွင် ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့တို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ချင်းတော်လှန်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်နေသည့် CDF ကန်ပက်လက်သည် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုအတွက် တာဝန်ယူမည်ဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


