Fortify Rights က ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရကို ရိုဟင်ဂျာဒုက္ခသည်များ မပြန်ပို့ရန် တောင်းဆို
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ပို့ခြင်း မပြုလုပ်ရန် Fortify Rights အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအား တောင်းဆိုကြောင်း အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။
Fortify Rights ၏ အစီရင်ခံစာတွင် ယခင် ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ထက်က ရိုဟင်ဂျာဒုက္ခသည်များအပေါ် အကြမ်းဖက်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့သော လှုပ်ရှားမှုများ မပြန်လည်ဖြစ်ပွားစေရန် ယာယီအစိုးရသည် လိုက်နာဆောင်ရွက်ရန် လိုကြောင်း ရှင်းလင်းထားသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် လက်နက်ကိုင်အဖွဲ့များက ဒုက္ခသည်များကို ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှုများ ပြုလုပ်လျက်ရှိပြီး တစ်နှစ်ပြီးတစ်နှစ် သတ်ဖြတ်ခံရမှုများလည်း တိုးလာသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်တွင် ၂၂ ဦး၊ ၂၀၂၂ တွင် ၄၂ ဦး၊ ၂၀၂၃ တွင် ၉၀ ဦးနှင့် ၂၀၂၄ တွင် ၆၅ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ကြောင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် လုံခြုံသော နေရပ်နေရာများ ဖန်တီးပေးရန်၊ လွတ်လပ်စွာ သွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းခွင့်နှင့် ပညာရေးရရှိခွင့်များ ပံ့ပိုးပေးရန် Fortify Rights က တောင်းဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနှင့် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ပို့ခြင်း ရပ်တန့်ရန်နှင့် ၎င်းတို့၏ လုံခြုံမှုကို သေချာစွာ ထိန်းသိမ်းပေးရန် အရေးကြီးကြောင်း အစီရင်ခံစာတွင် တင်ပြထားသည်။
ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအား လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးရန်နှင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသူများကို တတိယနိုင်ငံသို့ ပြောင်းရွှေ့နေရာချထားနိုင်ရန် အစီအစဉ်များ ပိုမို ပြုလုပ်သင့်ကြောင်း Fortify Rights က အကြံပြုထားသည်။


