ARSA ခေါင်းဆောင်များကို အရေးယူနိုင်ရန် နိုင်ငံတကာ တရားစီရင်မှုနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights က တောင်းဆို
ARSA ၏ ရာဇဝတ်မှုများ
Fortify Rights မှ ထုတ်ပြန်သော အစီရင်ခံစာအရ ARSA အဖွဲ့သည် မွတ်ဆလင်ဒုက္ခသည်များအား သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ခြိမ်းခြောက်မှုများ စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်း ARSA အဖွဲ့က မွတ်ဆလင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများကို ရိုက်နှက်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အထောက်အထားများဖြင့် ပြသထားသည်။
ထို့အပြင် ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်ပြည်သူများကို အမိန့်မနာခံသဖြင့် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း Amnesty International က ထုတ်ဖော်ဖော်ပြထားသည်။
နိုင်ငံတကာ တရားမျှတမှုဖြင့် အရေးယူသင့်ကြောင်း တောင်းဆို
Fortify Rights ၏ ဒါရိုက်တာ John Quinley က “ARSA နှင့် အခြား မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိသည်။ ထိုကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နိုင်ငံတကာ တရားမျှတမှု ယန္တရားများဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တို့နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်” ဟု ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရှိ ARSA ၏ လုပ်ရပ်များ
Fortify Rights ၏ အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ARSA နှင့် RSO (Rohingya Solidarity Organization) တို့က အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြထားသည်။
- ၂၀၂၁ ခုနှစ်တွင် ၂၂ ဦး
- ၂၀၂၂ ခုနှစ်တွင် ၄၂ ဦး
- ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး ၉၀ ဦး
- ၂၀၂၄ ခုနှစ်တွင် ၆၅ ဦး ထက်မနည်း
ဖမ်းဆီးခံထားရသူများနှင့် ကျန်ရှိသော ခေါင်းဆောင်များ
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထားသည့် ARSA ထိပ်တန်းခေါင်းဆောင် ၆ ဦးအပြင် ၁၀ ဦးကို နိုင်ငံတကာ တရားမျှတမှု ယန္တရားများဖြင့် အရေးယူသင့်ကြောင်း Fortify Rights မှ တောင်းဆိုထားသည်။
သို့သော် ARSA ၏ ထိပ်တန်းခေါင်းဆောင်များထဲမှ မော်လဝီရာမတ် ကော်ရိမ် နှင့် မော်လဝီ အော်လီ တို့မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ARSA အဖွဲ့ဝင်များကို တရားစီရင်မှုဖြင့် တာဝန်ယူစေခြင်းသည် ဒုက္ခသည်စခန်းများအတွင်း တည်ငြိမ်မှုရှိစေရန်အတွက် လိုအပ်ကြောင်း Fortify Rights က ပြောသည်။






