ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်တွင်ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်း၌ ထောင်အာဏာပိုင်များနှင့် အမှုအကျဉ်းသားများက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်အရ အကျဉ်းထောင်စားရိပ်သာတာဝန်ခံ အကျဉ်းသား လင်းထိန်က နိုင်ငံရေးအကျဉ်းသားတစ်ဦးအား မည်သည့်အကြောင်းကြားချက်မရှိဘဲ လက်သီးဖြင့် ထိုးခဲ့ခြင်းကြောင့် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်က ထောင်မှူး ဦးကျော်အောင်ထံ ငြိမ်းချမ်းစွာ တင်ပြတောင်းဆိုခဲ့သည်။ ထိုအချိန်တွင် ထောင်တာဝန်ကျ ဝန်ထမ်းများက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များနှင့် အခြားအမှုအကျဉ်းသားများက ဝင်ရိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါရိုက်နှက်မှုဖြင့် နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် ဦးခေါင်းပေါက်ပြဲ၊ ခန္ဓာကိုယ်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသရန် လိုအပ်သော်လည်း ဆေးကုသခွင့် မရရှိသေးကြောင်း သိရသည်။ ထောင်အာဏာပိုင်များ၏ ပံ့ပိုးမှုဖြင့် အမှုအကျဉ်းသားများက ဝါးဆစ်ပိတ်တုတ်နှင့် ရာဘာတုတ်များဖြင့် ကြိုတင်ပြင်ဆင်ကာ ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောကြားခဲ့သည်။
"ထောင်အာဏာပိုင်တွေက တားဆီးနိုင်စွမ်းမရှိလို့လား၊ ဒါမှမဟုတ် ဒီလုပ်ဆောင်မှုကို ကြိုတင်စီစဉ်ခဲ့လားဆိုတာ မသေချာသေးဘူး" ဟု PPNM မှ ကိုသိုက်ထွန်းဦးက ထပ်မံပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားများသည် ထောင်အတွင်း မတရားဖိနှိပ်မှုများ ရပ်တန့်စေရန်နှင့် ဥပဒေအရ တရားမျှတစွာ ဖြေရှင်းပေးရန် ထောင်အာဏာပိုင်များအား ဆက်လက်တောင်းဆိုနေကြသော်လည်း ထိုအတွက် ပြေလည်မှုမရှိသေးကြောင်း သိရသည်။
ပြည်အကျဉ်းထောင်တွင် လက်ရှိအကျဉ်းသား ၈၀၀ ကျော်ရှိပြီး ထိုအနက် နိုင်ငံရေးအကျဉ်းသား ၁၀၀ ထက်မနည်းတစ်ဦးရှိကြောင်း သတင်းရရှိသည်။


