ဧရာဝတီတိမ်းရှောင် ရခိုင်ပြည်သူများ စားဝတ်နေရေးအခက်ကြုံနေ

0

 ဧရာဝတီတိမ်းရှောင် ရခိုင်ပြည်သူများ စားဝတ်နေရေးအခက်ကြုံနေ
ပုံစာ - ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက ဂွမြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့ ။ 


ဧရာဝတီတိုင်းအတွင်း သာပေါင်း၊ ရေကြည်၊ ပုသိမ်၊ ချောင်းသာနှင့် ရွှေသောင်ယံမြို့များသို့ ရခိုင်ပြည်မှ စစ်ဘေးရှောင် သောင်းချီခိုလှုံလာနေကြသော်လည်း, အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ပုသိမ်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးက -

"တခြားမြို့နယ်တွေကိုတော့ မသိဘူး။ ပုသိမ်ဘက်မှာတော့ ဥပမာ တစ်နပ်စာအတွက် ဆန်သုံးဗူးစားရင် တစ်ဗူးပဲ စားနေရတယ်။ နေ့တိုင်းတော့ မဟုတ်ဘူးပေါ့။ အလုပ်လုပ်ရတဲ့နေ့တွေဆိုရင်တော့ ပုံမှန် စားရတာပေါ့" ဟု ပြောသည်။

လက်ရှိတွင် တိမ်းရှောင်လာသူများသည် နေ့စားအလုပ်သမား, ငါးဖမ်းခြင်း, ကူလီ, ပန်းရံလုပ်ခြင်း စသည့် အလုပ်မျိုးများကို ကြုံရာကျပန်းလုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြသည်။

သို့သော် ဧရာဝတီတွင် စစ်မှုထမ်းခေါ်ယူမှုများ ပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ မတည်မငြိမ်ဖြစ်ကာ နယ်မြို့ခြားသို့ ထွက်ပြေး တိမ်းရှောင်မှုများ များလာသည်။ ထိုကဲ့သို့ ပြည်သူများ ထွက်ပြေးသွားခြင်းကြောင့် စစ်ရှောင်များအတွက် အလုပ်အကိုင်များ ပိုမို ရှားပါးလာကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် ခိုလှုံနေသည့် တိမ်းရှောင်အမျိုးသမီးတစ်ဦးက -

"ဒေသခံတွေ ရှောင်ကြတော့ စစ်ရှောင်တွေထဲက အလုပ်လုပ်နေသူတွေ အခက်ကြုံသွားတယ်။ အလုပ်ရှင်တွေ ရှောင်သွားတော့ ငွေကြေးမတတ်နိုင်တဲ့သူတွေ ကျန်ခဲ့ရတယ်။ အခုလို အလုပ်မရှိတော့ အရင်ထက် ပိုကျပ်တည်းလာကြတယ်" ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ဧရာဝတီတိုင်းရှိ ကွင်းလပ်မြေများ၌ တဲအိမ်များ တည်ဆောက်၍ နေထိုင်ခြင်း၊ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများနေအိမ်များတွင် ခိုလှုံခြင်း၊ နေအိမ်ငှားရမ်း၍ နေထိုင်ခြင်းများ ပြုလုပ်နေကြသည်။

တချို့သော စစ်ရှောင်များသည် စားသောက်ရေး အခက်အခဲများကြောင့် လမ်းဘေးတွင် တောင်းခံစားနေရကြောင်း သိရှိရသည်။

သာပေါင်းမြို့ခံတစ်ဦးက -

"အခု အလှူခံနေတဲ့လူတွေ ပိုတွေ့လာတယ်။ အသက်အန္တရာယ်ကို စိုးရိမ်လို့သာ ထွက်ပြေးလာကြတာ။ ပိုက်ဆံချမ်းသာလို့ လာကြသူတွေ မဟုတ်လို့ ဒီမှာ စားဝတ်နေရေးခက်ခဲနေကြရတယ်" ဟု ပြောသည်။

အပြင်ဘက်တွင် အလုပ်အကိုင် ရှားပါးလာသည့်အပြင်, စစ်ကောင်စီကလည်း ဧရာဝတီတစ်လျှောက်ရှိ စစ်ရှောင်များအား စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး၍ ငွေညှစ်မှုများ ပြုလုပ်နေကြသည်။

ထို့အပြင်, ၂၀၂၄ ခုနှစ်အစပိုင်းတွင်လည်း ရွှေသောင်ယံနှင့် ချောင်းသာမြို့များတွင် တိမ်းရှောင်လာသော ရခိုင်ပြည်သူများအား ပင်လယ်၌ ငါးဖမ်းခွင့် ပိတ်ပင်မှုများ ပြုလုပ်

ခဲ့ကြောင်း သိရှိရသည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top