ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီး
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ARSA အဖွဲ့၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ (Ataullah) အပါအဝင် ၆ ဦးကို မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ယင်းဖမ်းဆီးမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယနေ့ မတ်လ ၁၈ ရက်တွင် အတည်ပြုကြောင်း သတင်းဌာနများမှ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ARSA အဖွဲ့ကို တိုက်ထုတ်ရန် စစ်ဆင်ရေး တင်းကြပ်ဆောင်ရွက်ခဲ့ပြီး ထိုအခင်းအနေအထားတွင် အာတာအူလာအပါအဝင် Mostaq Ahmed, Salimullah, Md. Asmatullah, Hasan တို့ပါဝင်သော ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများအား မတ် ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် တရားရုံးထံ လွှဲပြောင်းတင်ပြခဲ့ကြသည်။ ထို့နောက် ချုပ်ရမန် ၁၀ ရက်ခန့် ချမှတ်ခဲ့ကြောင်းသိရပြီး အမှုနှစ်ခုဖြင့် တရားစွဲဆိုသွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ARSA ခေါင်းဆောင် အာတာအူလာ သည် မကြာသေးမီက ရခိုင်ပြည် မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒုက္ခသည်စခန်းသို့ လာရောက်နေစဉ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ဖမ်းဆီးမှု တွေ့ကြုံခဲ့သည်။ ၎င်းနှင့်အတူ ARSA ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကိုလည်း ကော့ဘဇားဒုက္ခသည်စခန်းအတွင်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ဖော်ပြချက်အရ အာတာအူလာနှင့် အခြားခေါင်းဆောင်များသည် ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုများ ဆောင်ရွက်ရန် ဆွေးနွေးနေသည်ကို တွေ့ရှိခဲ့သဖြင့် စစ်ဆင်ရေး ပြုလုပ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ARSA ကို ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အဖွဲ့ဟု သတ်မှတ်ထားပြီး၊ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်ဒေသများတွင် လှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း တရားစွဲဆိုမည့် အမှုတွင် ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် ARSA ခေါင်းဆောင်များနှင့် ဆက်နွယ်သူများကို ဆက်လက်ဖမ်းဆီးသွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။




