အင်းလေးမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၉ ဦးအထိရှိ,နေအိမ် ၁,၉၀၀ ကျော်ပျက်စီး
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသ ကေလာရွာက သေဆုံးသွားသူတွေနဲ့ မိသားစုဝင်တွေဓာတ်ပုံ ရင်းမြစ်,အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့
ဓာတ်ပုံ ပုံစာ,ငလျင်ဒဏ်ကြောင့် အင်းလေးဒေသ ကေလာရွာက သေဆုံးသွားသူတွေနဲ့ မိသားစုဝင်တွေ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့က အင်းလေးဒေသမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အယောက် ၈၉ ဦးအထိရှိတယ်လို့ အင်းလေးဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ငလျင်ကြောင့် သေဆုံးသူတွေထဲမှာ ကေလာကျေးရွာက ၄၁ ယောက်၊ အနောက်တောင်ရွာက ၁၄ ယောက်၊ နောက်မြောက်ရွာက ၁၀ ယောက်၊ ဟဲယာရွာမက ၅ ယောက် ၊ ရှေ့တောင်ရွာက ၆ ယောက်၊ ဇရပ်ကြီးရွာက ၅ ယောက် အပါအဝင် သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိတယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့နဲ့ အရုဏ်ဦးအဖွဲ့ တို့ ကနေ သိရပါတယ်။
“ဒီအရေအတွက်တွေက အလောင်းတွေ့ရတာပဲ ရှိသေးတယ်။ တချို့အိမ်တွေဆိုရင် ပြိုတဲ့အိမ်တွေအထဲ လူတွေပါ ပါသွားပြီး အလောင်းပြန်မရတာတွေ ရှိတယ်”လို့ အရုဏ်ဦးအဖွဲ့ က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
နောက်ထပ် အင်းလေးဒေသခံ ကိုရဲကလည်း “ကုန်းပေါ်မှာလိုမျိုး အိမ်တွေပိလို့ အသက်ရှင်ကျန်တဲ့သူနည်းတယ်လေ။ အောက်ကလည်း ရေနဲ့ ရွှံတွေဆိုတော့ အသက်ရှုမရတာနဲ့ ဆုံးပါးကုန်တာဖြစ်နိုင်တယ်လို့” ပြောပြပါတယ်။
သေဆုံးသူတွေထဲမှာ မွေးကင်းစ ကလေး၊ ငါးနှစ်အောက်နဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
နှစ်မြုပ်သွားတဲ့ အိမ်ခြေပေါင်းလည်း ၁,၉၀၀ ကျော်ရှိနေပြီး အိုင်ထောင်ကြီးရွာ၊ ပေါက်ပါးရွာ၊ နောက်တောင်ရွာ၊ နောက်မြောက်ရွာ၊ စိတ္တရွာ၊ နန်းပန်ကြာတောရွာတွေဟာ အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့တာဖြစ်တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အိမ်တွေကိုလည်း စက်လှေတွေနဲ့သာ ဝိုင်းဝန်းဖယ်ရှားနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ငလျင်ဒဏ်ခံရပြီး သုံးရက်မြောက်တဲ့အထိ ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေအချင်းချင်းသာ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။


