မုံးစီးဒေသခံများ MNDAA ကို ဆန့်ကျင်ကန့်ကွက်၊ KIA နှင့် TNLA အကြား တင်းမာမှုများဖြစ်ပွား
![]() |
| (မုံးစီးဒေသခံများ MNDAAအား ကန့်ကွက် ကြောင်း စာများကပ်၍ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KSS၊ CJ) |
ကချင်ပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို တားမြစ်ရာမှ ကိုးကန့်တပ်မတော် (MNDAA) နှင့် ဒေသခံများ အကြား အငြင်းပွားမှုဖြစ်ပွားကာ ပစ်ခတ်မှုဖြစ်ခဲ့သည်။ မတ်လ ၅ ရက်နေ့က ဖြစ်ပွားသည့် ထိုပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုအခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများက MNDAA ကို ဆန့်ကျင်ကန့်ကွက်ကာ မတ် ၅ ရက်ညပိုင်းတွင် MNDAA ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့နောက် မတ် ၇ ရက်နှင့် ယနေ့ မတ် ၈ ရက်တွင်လည်း MNDAA အလိုမရှိကြောင်းနှင့် ပြည်သူများအား သတ်ဖြတ်မှုအတွက် တာဝန်ယူစေလိုကြောင်း စာများကပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အပြင် MNDAA တပ်ဖွဲ့များ မုံးစီးဒေသမှ ထွက်ခွာရန် တောင်းဆိုခဲ့သည်။
ထိုပစ်ခတ်မှုဖြစ်စဉ်တွင် ပြည်သူများက MNDAA တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် လက်နက်များကို သိမ်းဆည်းခဲ့ကြသည်။ သတင်းရင်းမြစ်တစ်ဦးက "လက်နက်ပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် ပြည်သူများက ရုန်းရင်းဆန်ခတ်ရင်းသိမ်းဆည်းထားသည်" ဟု ပြောသည်။
ဒါ့အပြင် ယနေ့ ညနေပိုင်းတွင် ကွတ်ခိုင်မြို့တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းတပ်မတော် (TNLA) အကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။ TNLA ဘက်မှ KIA တပ်ဖွဲ့ဝင်များ၏ မြို့ထဲသို့ဝင်ရောက်မှုကို တားမြစ်ခဲ့သည်။ သတင်းရင်းမြစ်တစ်ဦးက "TNLA က KIA တပ်ဖွဲ့ဝင်များကို မြို့ထဲမဝင်နိုင်ကြောင်း ပြောခဲ့ပြီး KIO/KIA ရုံးဝန်ထမ်းများကိုလည်း အင်အားသုံးဖယ်ရှားရန် ကြိုးပမ်းနေသည်" ဟု ပြောသည်။


