သတင်းအမှားများဖြန့်ဝေမှုကြောင့် စစ်တွေရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် အထင်အမြင်လွဲမှုများ ရှိနေ
📅 ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ (သောကြာနေ့)
Rakine Focus
စစ်တွေမြို့တွင် ရိုဟင်ဂျာအသိုင်းအဝိုင်းကို တမင်သွေးထိုးလှုံ့ဆော်ပြီး အထင်အမြင်လွဲအောင်ဖန်တီးမှုများ ရှိနေကြောင်း စစ်တွေမွတ်စလင်အသိုင်းအဝိုင်းနှင့် လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။
လတ်တလော မီဒီယာအမည်ခံ ဖေ့ဘုတ်စာမျက်နှာများနှင့် ရခိုင်အသိုင်းအဝိုင်းအချို့က "စစ်ကောင်စီသည် ရခိုင်ကျေးရွာများမှ နေအိမ်များကို မွတ်စလင်များထံ ရောင်းချနေသည်" ဆိုသည့် သတင်းအမှားများ ဖြန့်ချိနေကြသည်။ ထို့အပြင် "သိန်း ၈၀၀ မှ သိန်း ၁၃၀၀ အထိ တန်ဖိုးရှိသည့် အိမ်ခြံမြေများကို ရိုဟင်ဂျာမွတ်စလင်များ ဝယ်ယူနေကြသည်" ဟု မမှန်မကန် သတင်းများ ပါဝင်နေသည်။
စစ်တွေမွတ်စလင်အသိုင်းအဝိုင်းအနေဖြင့် "ဤသတင်းများသည် ရခိုင်နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းများကြား ခြားနားမှုဖန်တီး၍ မုန်းတီးမှုများ ဖြစ်ပွားစေရန် ရည်ရွယ်ထားသည်" ဟု ပြောကြားထားသည်။
"စစ်ကောင်စီနှင့် AA တို့၏ စစ်ပွဲကြောင့် စစ်တွေမွတ်စလင်အသိုင်းအဝိုင်းသည် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရေသန့်စသည့် အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုကြုံနေရသည်။ ထို့အပြင် စစ်ကောင်စီက ဖိအားဖြင့် စစ်မှုထမ်းခိုင်းနေပြီး၊ ကိုယ့်သဘောနဲ့ ဝင်လိုက်ခြင်း မရှိပါ" ဟု တစ်ဦးပြောသည်။
အထူးသဖြင့် "စစ်တွေရိုဟင်ဂျာလူငယ်များသည် ကိုယ်တိုင်သဘောတူ၍ စစ်မှုထမ်းဖို့ သွားနေကြသည်" ဆိုသည့် သတင်းအမှားများကိုလည်း ဖြန့်ဝေနေကြသည်။
"စစ်ကောင်စီ၏ ဖိအားကြောင့် စစ်မှုထမ်းခိုင်းခံရသူများ ရှိသော်လည်း၊ ကိုယ့်သဘောနဲ့ သွားလိုက်သူ မရှိပါ။ တချို့လူငယ်များသည် စစ်မှုထမ်းမချင်လို့ ငွေပေးပြီး လွတ်မြောက်ကြသည်။ တချို့ကလည်း စစ်ကောင်စီထံမှ ထွက်ပြေးကြသည်" ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် AA တပ်တို့ ကြားတိုက်ပွဲများ ဆက်လက်ပြင်းထန်လာသည့်အချိန်တွင် စစ်တွေရိုဟင်ဂျာအသိုင်းအဝိုင်းကို အထင်အမြင်လွဲအောင် မဖြစ်မနေ လှုံ့ဆော်မှုများ ပြုလုပ်နေကြသည် ဟု လေ့လာသုံးသပ်သူများက ဆိုသည်။



